ဒီနေ့ သိပ်နေမကောင်းချင်တာနဲ့ လျှောက်သွားဖြစ်တယ်... အမျိုးသားပြတိုက်ကို ရောက်တော့ ခေတ်အလိုက် ပြခန်းတွေ ခွဲပြီး ပြထားတာ ခေတ်အဆက်ဆက် မှတ်တမ်းစုထားတဲ့သဘောကိုတွေ့ ရပါတယ်....
လာကြည့်တဲ့သူက အလွတ်သဘောလာတဲ့သူ နည်းပါးပုံပေါ်တယ်... ပြတိုက်ကြီးကို အားနာသွားတယ်... ဒါပေမယ့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ အမျိုးသားပြတိုက်မှာ မှတ်တမ်းမဝင်သေးဘူး....
ဒီတော့ ကျွန်တော်စဉ်းစားမိတယ်.. နိုင်ငံသမိုင်းဆိုတာ လူထုကသာ ရေးထိုးမြဲ... လူထုရဲ့ သမိုင်းဖြတ်သန်းမှု စိတ်အစဉ်မှာ ရေးထိုးနိုင်ရင် နိုင်ငံသမိုင်းဖြစ်တယ် ကျန်တာတွေက အမှတ်ရစေဖို့ အထောက်အကူမျှသာ လို့ မြင်ပါတယ်.
အမျိုးသားပြတိုက်ရဲ့အောက်ဆုံးထပ်မှာ မြန်မာအက္ခရာပြောင်းလဲမှု သမိုင်းကို ပြောနိုင်ဖို့ ဝေဒ၊ ဗြဟ္မီအက္ခရာ၊ သက္ကတ၊ မွန်စာ၊ ခေတ်ဦးမြန်မာစာ၊ ခေတ်လယ်မြန်မာအက္ခရာနဲ့ ခေတ်သစ်မြန်မာစာ တို့ကို ဇယားနဲ့ နှိုင်းယှဉ်ဖော်ပြ ထားပါတယ်...
အဲဒီနောက်မှာတော့ ဘုရားတောင်အရိုးအိုးစာ လို့ သိကြတဲ့ သရေခေတ္တရာ ဘုရားတောင်ကရတဲ့ စာငါးကြောင်း ပါ ရှေးဦးမြန်မာစာရေး မင်းစဉ်မင်းဆက်မှတ်တမ်းကြီးကို လူတစ်ရပ်နီးပါးရှိတဲ့ ကျောက်အရိုးအိုးကြီးမှာ ထွင်း ထားပါတယ်...၊
ပြီးတဲ့အခါမှာတော့ ဆရာကြီးဦးဖေမောင်တင်က မြန်မာစာပေရဲ့အစဟာ ကျေးဇူးဆပ်ခြင်းနဲ့စတင်တယ်လို့ ရည်ညွှန်းကိုးကားခဲ့တဲ့ ရာဇကုမာရ် လေးမျက်နှာထိုး ကျောက်စာ...၊ နောက်မှာတော့ စဥ့်ကွင်းစာတွေ ၊ စဥ့်ကွင်း မွန်စာတွေကို ခေတ်ဟောင်းနဲ့ခေတ်သစ်မွန်စာ ပြန်ဆိုချက်တွေကို စုစည်းတင်ပြထားပါတယ်...
တစ်ဆက်တည်းမှာပဲ မြန်မာစာပေခေတ်ခွဲစဉ်အတိုင်း ပုဂံခေတ်ပြီးတော့ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်က ပေစာနဲ့ ကျောက်စာမင်ကူးမူ တွေကိုပြသ ထားပါတယ်...
ထူးခြားချက်ကတော့ ဟလင်း (ဟံလင်း)က ရတဲ့ စာကိုပြထားနိုင်ပေမယ့် မြနဒီကျောက်စာနဲ့ သက်စိုးတောင် ကျောက်စာတို့ကိုတော့ မြန်မာစာပေသမိုင်းမှာ ထင်ရှားပေမယ့် ပြသထားတာ မတွေ့ရပါဘူး။ ဘာလို့ ပြသ မထားသလဲ မသိရပါဘူး... အထူးသဖြင့် မြနဒီပျူကျောက်စာလို့ သုံးနှုံးတဲ့ ကျောက်စာကို မတွေ့ရသေးတာက အဲဒီကျောက်စာက ရှေးဦးမြန်မာစာလို့ မယူဆလို့လား မပြောတတ်ပါဘူး...
နောက်ထပ်ထူးခြားချက်က ပုဂံက တောင်ဘီရွာ အုတ်ခွက်ဘုရားများကို ပြထားတာ မတွေ့ခဲ့မိဘူး... ဒါတွေက လည်း မြန်မာစာပေနဲ့ စာအရေးအသားတိုးတက်မှုသမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တွေလို့တော့ ကျွန်တော် ယူဆပါတယ်... မတွေ့ရတာကတော့ ထူးခြားတယ်...
ကုန်းဘောင်ခေတ်ဆိုင်ရာ စာပေအထောက်အထားများကိုပြသထားတဲ့အပြင် ဟံသာဝတီနန်းတော်ရာကနေရတဲ့ ကျွန်းတိုင်ကြီးတွေအောက်ခြေက ဆိုင်ရာအမတ်တွေရဲ့ အမည်တွေထိုးထားတဲ့ ကျွန်းတိုင်ကြီးတွေကိုလည်း တွေ့ရပါတယ်...
အဲဒီကျွန်းတိုင်ကြီးတွေမှာ ထွင်းထားတဲ့စာတွေကိုကြည့်ရင်း ရှေးက ဆင်ဖြူတွေအများကြီးပိုင်တဲ့ မြန်မာ ဘုရင်တွေရဲ့ ဘုန်းကံကို သနားသွားမိတယ်...။ ပဒေသရာဇ်စံနစ်ဆိုပေမယ့် နန်းတော်တိုင်က အခုခေတ်ရဲ့ ကုမ္ပဏီတစ်ခုက မှောင်ခိုချနေတဲ့ ကျွန်းပင်တွေလောက်တောင်မှ မကြီးပဲ... အေးပေါ့လေ.... ဆရာကြီး ဦးအောင်သင်းပြောသလို ရှေးလူတွေ စွန့်ခဲ့လို့ နောက်လူတွေစားရတာပဲကိုး....
နောက်တစ်ခန်းမှာပြသထားတာကတော့ဆရာကြီးဦးဖေမောင်တင်ရဲ့ ရုပ်တုနဲ့ ဆရာကြီးဦးဖေမောင်တင်ရဲ့ ရှေးဟောင်းသုတေသနကို တူရွင်းနဲ့ တူးပြီးပြောမယ်ဆိုတဲ့ လက်ရေးစာမူကို ပြထားပါတယ်... ဒါအပြင် မြန်မာစာရေးဆရာတွေရဲ့ လက်ရေးမူတွေကို စုဆောင်းထားပါတယ်..... လက်ရေးမူတွေကို ဓါတ်ပုံနဲ့ကူးပြီး တင်ထားပါတယ်... အဲဒီဓါတ်ပုံတွေက အမျိုးသားပြတိုက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပြတိုက်ကိုရောက်နေတဲ့ ပုံတွေပါပဲ....
အမျိုးသားပြတိုက်ရဲ့ အောက်ဆုံးထပ်မှာပဲ ဝန်ကြီးဌာနမတည်ငြိမ်တဲ့ သမိုင်းသုတေသန ဦးစီးဌာနရဲ့ စာအုပ် အရောင်းဆိုင်ရှိပါတယ်... စာအုပ်တွေက သမိုင်းသုတေသနနဲ့ ရှေးဟောင်းသုတေသန အတွက် အထောက်အကူဖြစ်စေတဲ့ စာအုပ်တွေပါပဲ...
နေပြည်တော်မှာတော့ စာအုပ်ပိုစုံမယ်ထင်ပါတယ်၊ ဘာလို့လည်းဆိုတော့...သို့သော်လည်း... အဲ...ပေါ့လေ....။ ရှေ့လာမယ့် ပို့စ်တွေမှပဲ တစ်ခုတည်းသော အမျိုးသားပြတိုက်အကြောင်းကို ဆက်ဖော်ပြပါဦးမယ်.... တစ်ခုတည်းသောဆိုတာ လောလောဆယ်ကိုပြောတာပါ....သို့သော်လည်း... အဲ...ပေါ့လေ....
Monday, June 22, 2009
အမျိုးသားပြတိုက်
Posted by Htet Yee Thitsar at 11:58 PM
Labels: Htet Yee Thitsar, မြန်မာသမိုင်း


