Thursday, June 25, 2009

မေမေနဲ့ ကျွန်တော်

မေမေက အသက်ငါးဆယ်ကျော်ပြီ
ခေတ်ကို ပြေးမလိုက်ဘူး
ကျွန်တော့်က အသက် အစိတ်
ခေတ်ကို ခေါင်းနဲ့ ပြေးတိုက်တဲ့အခါ တိုက်
ခလုတ်တိုက်တဲ့အခါ တိုက်
ထိပ်ပေါက်ခေါင်းကွဲ နဲ့
ခေါင်းကိုက်ပျောက်ဆေးပေါင်းလည်း မနည်းတော့ဘူး...။

မေမေက အသက်ကြီးပြီ
(သူ့သားသမီးတွေ အကြောင်းကလွဲရင်...)
အခြား ဘာမှ မသိချင်တော့ဘူး
ရိုးရိုးလေးပဲ တွေးတယ်
အဖြေက ဝင်းကနဲပဲ...

ကျွန်တော်က မငယ်တော့ဘူး
မသိချင်တာလည်း ဘာမှ မရှိဘူး
ဦးထုပ်ခြောက်လုံးနဲ့ ခေးဝေါ့စ်
ကမ္ဘာပြားခြင်းနဲ့ စစ်အေးလွန်အိပ်မက်သစ်
လစ်ဇင်ပေါင်းက သောင်းခြောက်ထောင်
နဖူးပေါ်လက်တင်လိုက်၊
လက်ပေါ်နဖူးတင်လိုက်၊
အမျိုးမျိုးဦးနှောက်ခြောက်တယ်
ဘယ်တော့မှလည်း အဖြေမထွက်ဘူး...။

မေမေက
ကြေးစည်လေးကို ထုလို့
အေးအေချမ်းချမ်း အမျှဝေနေတယ်၊
ကျွန်တော်က
ပင်လယ်စာတွေစားပြီး
“ပေါ်လီယာနာ”နဲ့ ဖြေဆေးမထိုးနိုင်တဲ့သူ...
အယူမသည်းတတ်ပေမယ့်
အလွယ်တကူတော့
သာဓု မခေါ်နိုင်ဘူး.... မေမေ....။


+ စိုးလှိုက်ဦး (ယင်းမာပင်) +