Tuesday, June 30, 2009

လမ်းခွဲ

ဒါ ငါ့မ္ဘာဦးပေါ့
အာဒံဟာ သူ့နံရိုးကို ထုတ်ပေးခဲ့တယ်
ဧဒင်ဥယျာဉ်က ပေါ်မလာဘူး၊
နတ်ဆိုးရဲ့ မြွေတွေပဲ လုံးထွေးတက်လာခဲ့တယ်၊
ဘယ်အပင်ကမှ ပန်းသီး မသီးဘူး
မီးကိုပဲ စတင်တွေ့ရှိခဲ့တယ်၊

ဘဝကို ကွေ့ကွေ့ကောက်ကောက် လျှောက်ချင်နေတဲ့
ဆံပင်ကောက်ကောက် ကောင်မလေးက
ရယ်ရယ်မောမော လေပြည်ထိုးသေးရဲ့
ဘဝဆိုတာ သဲထဲရေသွန်ပဲ မဟုတ်လား...
အေး... ငါ့မှာ
သွန်စရာ တစ်စုံတစ်ခုကျန်သေးတယ်ဆိုရင် မှားတယ်၊
အချစ်ဆိုတာ
အခမဲ့ဖြန့်ဝေခြင်းလို့ မင်းထင်နေရင် မှားတယ်၊
ဆိုဖူးတဲ့ သစ္စာစကားတိုင်း
ကျမ်းစူးဖို့ သက်သက်ဆိုရင်
သွားသေလိုက် !
လူဆိုတာ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ
မကြားဘဲလည်း ပြောခဲ့ရတယ်
မပြောဘဲလည်း ပြီးခဲ့ရတယ်
မမြည်ဘဲလည်း တီးခဲ့ရတယ်
ငါဟာ ရွှေပန်းကန်မဟုတ်ပေမယ့်လည်း
အထိတော့မခံဘူး
သုညနဲ့တော့ လာမမြှောက်နဲ့...။

သူမကားကို သူမ
သော့ဖွင့်ပြီး မောင်းထွက်သွားတဲ့နောက်
ငါကလည်း
ငါ့ဖိနပ်ကို ငါ ရှပ်တိုက်စီးပြီး ပြန်လာခဲ့တယ်
ထားလိုက်...
အဲဒီပုံပြင်ကို အဲဒီမှာ ရပ်ထားလိုက်၊
မသေမချင်းမှတ်ထား
နောင်...ဘာကိုမှ အလကားမပေးမိစေနဲ့။

တငွေ့ငွေ့လောင်နေတဲ့ စိတ်ကို
ခတ်ဆတ်ဆတ် တောက်ချလိုက်တယ်...
နောက်
မီးနီမိနေတဲ့ လူကူးမျဉ်းကျားကို
ငါတစ်ယောက်တည်း ဖြတ်ကူးရင်း
တစ်စုံတစ်ယောက် စွန့်ပစ်ခဲ့ပုံရတဲ့
မာရဇ္ဇရဲ့ ဆင်မြီးကွင်းလက်စွပ်လေးကို တက်နင်းပစ်လိုက်တယ်။

+ စိုးလှိုက်ဦး (ယင်းမာပင်) +