“နားလည်မှု” ဆိုတာကို
သူမက အဓိပ္ပါယ်ဖွင့်ရမှ နားလည်ပြီး
ကျွန်တော်က ဒီအတိုင်းပဲ နားလည်လိုက်တယ်။
နောင်ဘဝရှိတယ် ဆိုတာကျ
သူကမ ဘုရားဟောသံသရာ ဆိုတာနဲ့ ယုံကြည်ပြီး
ကျွန်တော်က အိုင်စတိုင်းရဲ့ “စွမ်းအင်တွေဟာ အသွင်ပြောင်းတာပဲ ရှိတယ်၊ ကွယ်ပျောက်သွားတာ မရှိဘူး” ဆိုတာနဲ့ လက်ခံတယ်။
ကံတရားဆိုတာကို
သူမက “လောကဓံရှစ်ပါး” နဲ့ ကြောက်ရွံ့တတ်ပြီး
ကျွန်တော်က “ဘုရားသခင် ကြွေအန်မကစားဘူး” ဆိုတာနဲ့ တုန်လှုပ်တတ်တယ်။
ခရီးစဉ်တွေကိုကျ
သူမက ရထားတစ်စင်းလို ခုတ်မောင်းတတ်ပြီး
ကျွန်တော်က လှေတစ်စင်းနဲ့ ရွက်လွှင့်တတ်တယ်။
ပန်းတိုင် ဆိုတာကို
သူမက အမှားကင်းခြင်းနဲ့ ချဉ်းကပ်တတ်ပြီး
ကျွန်တော်က အမှန်ရှာဖွေခြင်းနဲ့ ရွေးလျားတတ်တယ်။
အမှား ဆိုတာကိုကျ
သူမက ခဲဖျက်လေး၊ ဓါးလေးတွေနဲ့ မသိသာအောင် ဖျက်ပစ်တတ်ပြီး
ကျွန်တော်က ဘောပင်နဲ့ တစ်ကြောင်းတည်း ဆွဲခြစ်ပစ်တတ်တယ်။
အလွမ်း ဆိုတာကို
သူမက ကျွန်တော့်ကို သတိရခြင်းနဲ့ ယုံကြည်ပြီး
ကျွန်တော်က သူမကို လွမ်းဆွတ်ခြင်းနဲ့ လက်ခံတယ်။
ဘာပဲပြောပြော....တကယ်တမ်းကျ
သူမရဲ့ ချစ်သူဟာ ကျွန်တော်ဖြစ်ပြီး
ကျွန်တော့်ချစ်သူဟာ သူမပါပဲလေ...။
+ စိုးလှိုက်ဦး (ယင်းမာပင်) +


