Monday, July 6, 2009

လမ်းဆုံ

အများအတွက်တော့
ပြောမယ်ဆိုရင်လည်း ပြောချင်စရာချည်းပဲ
စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားချင်စရာချည်းပဲ
တွေးမယ်ဆိုရင်လည်း တွေးချင်စရာချည်းပဲ
ပန်းနုရောင် စစ်တလင်းထဲ
ငါတို့ရင်ဆိုင်တွေ့မိပုံကလည်း
ပန်းတွေအားလုံးထက် မွှေးလို့
စမ်းတွေအားလုံးထက် အေးလို့
နောက်....
လမ်းတွေအားလုံးထက်လည်း ဝေးလို့....။

ဒါပေမယ့် ...
ရေများရေနိုင် မီးများမီးနိုင်ပါပဲလေ
ဘယ်လို အကွာအဝေးတွေကများ
ငါတို့အချစ်ကို တိုက်စားပစ်နိုင်ခဲ့လို့လဲ
ငါတို့ဘာသာ
“ဤ” လို့ပဲ ဖတ်ဖတ်....
“ကျွဲ” လို့ပဲ ဖတ်ဖတ်....
ငါတို့ ရင်ဘတ်တွေကို ဝင်မခတ်သွားရင်
ပြီးတာပဲမဟုတ်လား၊
မနက်ဖြန်ရဲ့ အဓိပ္ပါယ်ကိုဖွင့်ဖို့ဆိုတာ လွယ်ပါတယ်
တစ်ယောက်နာမည်ကို တစ်ယောက်
ဂါထာတစ်ပုဒ်လို ကောက်ရွတ်လိုက်ကြရုံပဲလေ...။

အရာရာဟာ သိပ်ကို မှုန်ဝါးနေသေးပေမယ့်
အပျော်တမ်း ထွန်ယက်ခဲ့တာ မဟုတ်ဘူး၊
“မင်းက ကိုယ့်ကို တစ်စုံတစ်ခုပေးခဲ့ရင်
မင်းပေးသလို
ကိုယ်လည်း တစ်စုံတစ်ခု ဆုံးရှုံးရတာပဲ၊”*
မင်း လက်နက်ချလိုက်တိုင်း
ငါ အမြဲ ရှုံးနိမ့်တယ်၊
မင်း အောင်မြင်လိုက်တိုင်း
ငါ အမြဲ အနိုင်ရတယ်၊
“အချစ်ဆိုတာ
နှစ်ယောက် ကစားပြီး
နှစ်ယောက်လုံး နိုင်တဲ့ ကစားနည်း ဖြစ်သင့်တယ်”** မဟုတ်လား....

ငါတို့ အချစ်ဟာ
ကမ္ဘာကြီး ပြားပြီး
ရွာကြီးတစ်ရွာ ဖြစ်သွားတယ်ဆိုတာနဲ့
နေ့ညမတူတဲ့ လူနှစ်ယောက်
အိပ်မက်တစ်ခု အတူမက်နိုင်ကြောင်း သက်သေပြဖို့
နောက်...
“ယင်းမာပင်” ဆိုတဲ့ အညာမြို့သေးသေးလေးရဲ့
တမာပင်တွေအောက်မှာ အတူလက်တွဲ လမ်းလျှောက်ဖို့
အော်....
မယုံနိုင်ဖွယ်ရာ....
အံ့သြဖွယ်ရာ....
ဂူတစ်ဂူထဲမှာ
ခြင်္သေနှစ်ကောင်အောင်းမိပုံများ ပြောပါတယ်။

စိုးမြင့်သိန်း - သမုတိများနှင့်ကစားခြင်း**
"OVA" HipHop Band ၏ သီချင်းစာသား*

+ စိုးလှိုက်ဦး (ယင်းမာပင်) +