Wednesday, November 11, 2009

မဝင့်(မြစ်ငယ်)၏ရင်သွေး (သို့မဟုတ်) တိမ်ရိပ်နှင်းဆီ


ဒီဝတ္ထုတိုကို ကျွန်တော် အရင်ကဖတ်ခဲ့ဖူးပေမယ့်၊ အခုပြန်တွေ့လို့ ဖတ်ကြည့်တော့ ကြိုက်နေသေးတာက တစ်ကြောင်း၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ကို တုံ့ပြန်ဆက်သွယ်ရာမှာ အမှတ်မထင်လုပ်လိုက်မိရင်းက ဘဝမှာအဆိပ်သင့်နေတဲ့ သူငယ်ချင်းတစ်ဥိးနဲ့ ဆွေးနွေးငြင်းခုန်ကြတာတွေကို အကြောင်းပြုပြီး ဒီစာစုကို ရေးဖြစ်ပါတယ်.... ဒီဝတ္ထုက ဆယ်စုနှစ်အတွင်း အကောင်းဆုံးဝတ္ထုတိုစာရင်း ဝင်ခဲ့တယ်လို့ သိရပါတယ်.....

ဒီဝတ္ထုတိုကိုရေးဖွဲ့သူ ဖြစ်တဲ့ စာရေးဆရာမ မဝင့်(မြစ်ငယ်)ဟာ လူမှုပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်သဘောနဲ့ စီရင်ဖန်တီးမှုသဘော၊ ကြားနေမှုသဘောတို့ကို ဝေဖန်စစ်ကြောရင်း၊ ပြောင်းလဲရှင်သန်နေတဲ့ လူနဲ့ လူမှုအဖွဲ့ အစည်းတို့ အပြန်အလှန်တွန်းလှန်တုန့်ပြန်မှုသဘော၊ ဆက်သွယ်ဆောင်ရွက်မှုတို့ကို ထင်ရှားပြဆိုသွား တယ်လို့ ထင်မိပါတယ်...

မြန်မာအစဉ်အလာယဉ်ကျေးမှု၊ လူမှုပတ်ဝန်းကျင်ထုံးတမ်းစဉ်လာရဲ့ ပြဌာန်းမှုသဘောနဲ့ ခေတ်ရဲ့ယှဉ်သန် ပြောင်းလဲမှု၊ လူမှုပတ်ဝန်းကျင်ရဲ့ ပြောင်းလဲလာမှု၊ လူနဲ့လူမှုပတ်ဝန်းကျင်တို့ ယှဉ်ပြိုင်မှုသဘာဝတို့ကို ထင်ရှား ပေါ်လွင်အောင်ရေးဖွဲ့ထားတာကိုတွေ့ရပါတယ်....

ုကျွန်တော်တို့ မြန်မာလူ့ဘောင်၊ လူမှုအဖွဲ့အစည်းက လက်ခံကျင့်သုံးနေတဲ့ လူမှုနှုန်းစံတွေရဲ့ ထင်ရှားပြဌာန်းမှု သဘာဝ၊ ခြေရင်းခုနှစ်အိမ် ခေါင်းရင်းခုနှစ်အိမ် အသိအမှတ်ပြုရင် လင်မယားအရာမြောက်တယ်ဆိုတဲ့ မြန်မာ လူမှုပတ်ဝန်းကျင်ရဲ့ထင်မြင်ယူဆချက်(Public opinions)တို့ တာသွားမှု နဲ့ ပတ်ဝန်းကျင်က အသိအမှတ်ပြုယုံနဲ့ တကယ် လင်မယားအရာမြောက်ရသတဲ့လား.... ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ ဆိုတဲ့ တရားနဲ့ယှဉ်လို့ မှန်တယ်ထင်တဲ့ဘက်ကိုရပ်တည်လို့မရတော့ဘူးတဲ့လား၊ ဘယ်သူကမှားသလဲ၊ ဘာလို့မှားတာလဲ၊ ဘာဖြစ်မလဲ ဆိုတာတွေကို ခံစားနှိုင်းယှဉ်စေမိပါတယ်.....

ဆရာမ မဝင့်(မြစ်ငယ်က)တိမ်ရိပ်နှင်းဆီ ကို

သမုဒ္ဒရာတစ်စင်းရဲ့ကျယ်ပြောနက်ရှိုင်းမှုကို ကျောက်တောင်တန်းထိပ်ဖျားမျာ စိမ့်ထွက် စီးဆင်နေတဲ့ စမ်းချောင်းငယ်က အားကျလိမ့်မည်မဟုတ်ချေ။ တစ်ခါတစ်ရံ လောကကြီးထက် လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုက သာလွန်တတ်ပါသည်။
လို့ စဖွင့်ခဲ့ပါတယ်....

လောကရဲ့ သတ်မှတ်ချက်စံနှုန်းအဟောင်းများအတွင်းမှာ သစ်လွင်တဲ့ခံစားချက်၊ ဖောက်ထွက်တဲ့အတွေးတွေနဲ့ ထူးခြားတဲ့ အမျိုးသမီးငယ်တစ်ဦး၊ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ အာဂမိန်းမဝါဒီတစ်ဦးအဖြစ် အဓိကဇာတ်ဆောင် မစမ်းစမ်းနိုင်ကို ပုံဖော်ခဲ့ပါတယ်....

အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ မစမ်းစမ်းနိုင်က ဘာသာရေးစာကြည့်တိုက်တစ်ခုရဲ့စာကြည့်တိုက်မှူး၊ ပန်းချီဆွဲ တတ်တဲ့သူ၊ ကဗျာအရေးကောင်းသူ၊ ဟော်လိုဂီတာတစ်လက်နဲ့အောင်မြေသာဇံပတ်ပျိုးကို ကျွမ်းကျင်စွာ တီးပြနိုင်သူ၊ ဆွေမျိုးရင်းချာမရှိ၊ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေများစွာမရှိ၊ အနုပညာနဲ့မစပ်သော စကားအပိုများ ပြောဆိုခြင်းမရှိ၊
သူမရဲ့ ရှိခြင်း၊ မရှိခြင်း ကိုယ်ရည်ကိုယ်သွေးများကို ပေါင်းစပ်ပုံဖော်လိုက်တဲ့အခါ သူမမှာ ဆန့်ကျင်ဘက် (ယောက်ျား) တစ်ယောက်ရဲ့ အရည်အချင်းများစွာ ထွက်ပေါ်လာပါသည်...
လို့ဆိုထားပါတယ်.....

ဇာတ်ကောင်စရိုက်ကိုပြောတဲ့နေရာမှာ နောက်ကြောင်းပြန်ပြောတဲ့ပုံစံကို အမျိုးသမီးဇာတ်ဆောင်ကိုယ်တိုင် ပြောတဲ့ ဟန်နဲ့ရောယှက်ပြီး အသုံးပြုထားတာကို တွေ့ရပါတယ်....
"သူမကဲ့သို့ မိန်းမတစ်ယောက်က ဘဝဆက်တိုင်း မိန်းမဖြစ်ချင်ကြောင်း ပြောတော့ ကျွန်တော် အံ့သြဖူးသည်။ ယောက်ျားကောင်းတစ်ယောက် ဖြစ်ဖို့ထက် မိန်းမကောင်းတစ်ယောက် ဖြစ်ဖို့ ပိုခက်တယ်ရှင့်...တဲ့။ မြန်မာပြည်မှာ မိန်းမကောင်းတွေပေါတာ သိပ်ကျက်သရေရှိ သတဲ့ "
ဆိုပြီး တိမ်ရိပ်နှင်းဆီနဲ့ ဆရာမမဝင့်(မြစ်ငယ်)က သူမြင်တဲ့လူမှုအမြင်သဘောကို ထုဆစ်ခဲ့ပါတယ်...

ဇာတ်လမ်းရဲ့အမျိုးသားဇာတ်ဆောင်ကိုတော့ပန်းချီဆရာတစ်ဦးဖြစ်ပြီး မန္တလေးရောက်ရင် စာအုပ်ဆိုင် တွေမှာထိုင်ပြီး အချိန်ဖြုန်းရခြင်းကို နှစ်သက်တတ်သူတစ်ယောက်၊ စာပေ၊အနုပညာမွေ့လျော်သူတစ်ဦး လို့ဆိုထားပါတယ်...

စာပေမွေ့လျော်တဲ့သူဖြစ်ကြတဲ့ အဓိကဇာတ်ဆောင်နှစ်ဦးကို စာအုပ်ဆိုင်တွေနဲ့ စာပေအနုပညာ ရေးရာကိစ္စများကြောင့် ဆုံတွေ့ကြခြင်းအဖြစ် ဖွဲ့ပြထားပါတယ်....
" ကျွန်မလည်းတွေးနေတာပဲ ။ ကျွန်မအိမ်က ကျယ်ဝန်းပါတယ်။ ဒါပေမယ့် လောကကြီးက ကျဉ်းနေတာလည်း ကျွန်မသတိထားရမယ်။ ကျွန်မဘာလုပ်ပေးရရင်ကောင်းမလဲ"
ဆိုတာ ဒီဝတ္ထုတိုရဲ့ အဓိကဇာတ်ဆောင်နှစ်ဦး ဆုံတဲ့အချိန်မှာ မစမ်းစမ်းနိုင် ပြောခဲ့တာပါ....

နှင်းဆီပန်းဆိုတာကိုအမျိုးမျိုးဖွဲ့ဆိုကြပါတယ်...ဆူးရှိတဲ့ပန်းမို့အလှတရားရှိပေမယ့်ဒုက္ခကိုပါဆောင်ကြဉ်း တဲ့ပန်းရယ်လို့ပြောကြသလို၊ ဆူးတွေက ဒီအတိုင်းကြည့်သူကို မထိခိုက်စေရဘဲ ဆုပ်ကိုင်ဖို့ကြိုးပမ်းသူ ကိုသာ ထိခိုက်စေတဲ့ပန်းရယ်လို့ပြောကြသလို ကိုယ်ပိုင်အလှ၊ ကိုယ်ပိုင်ရနံ့ရှိသလို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိတဲ့ ပန်းအဖြစ်လည်း ပြောဆိုကြပြန်ပါတယ်....

အရိပ်ဆိုတာအလင်းရှိမှဖြစ်တည်သလို၊ အရောင်ကလည်း အလင်းနဲ့ဆက်သွယ်နေပါတယ်..အလင်းနဲ့ အရောင်တို့ဆက်သွယ်ချက် တို့ကြောင့် အမြင်ဆိုင်ရာပြောင်းလဲတတ်တယ်ဆိုပေမယ့် ပင်ကိုယ်အရောင် ကရော လိုက်ပါပြောင်းလဲတတ်သလား...

နှင်းဆီဆိုတာဘယ်နာမည်မှည့်မှည့်မွှေးမြဲသာဆိုသလို အလင်းနဲ့ အရောင်ဆိုင်ရာဆက်သွယ်ချက်တို့ ပြောင်းလဲပေမယ့် ကိုယ်ပိုင်အရောင်က ပြောင်းလဲတတ်သလား ကိုယ်ပိုင်အရောင်က ပြောင်းလဲသလား ကြည့်မြင်သူဘက်က ပြောင်းလဲတတ်တာလား... ဆိုတာတွေကိုပါ စဉ်းစားမိစေခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါတယ်.....

*****လောကကို မျက်နှာပြု ရင်ဆိုင်ရတဲ့အခါ ကိုယ်မှန်တယ်ထင်ရတဲ့ဘက်ကိုသာ အတင်းရပ်တည် ဖက်တွယ်ရင်း၊ လောကကိုအရွဲ့တိုက်ရင်း၊ လူမှုစံသတ်မှတ်ချက်တို့ကို လျစ်လျူရှုရင်း ဂုဏ်သိက္ခာ ကျရှုံးရမှုကြောင့် တစ်ဘဝတာပြန်လည်တည်ဆောက်ခွင့်ကြုံရတဲ့ သူငယ်ချင်းသို့......
လေးစားမှုဖြင့် . . . . ,
Htet Yee Thitsar
တိမ်ရိပ်နှင်းဆီ


"တိမ်ရိပ်နှင်းဆီ"

သမုဒ္ဒရာတစ်စင်းရဲ့ကျယ်ပြောနက်ရှိုင်းမှုကိုကျောက်တောင်တန်းထိပ်ဖျားမှာစိမ့်ထွက်စီးဆင်းနေတဲ့ စမ်းချောင်းငယ်က အားကျလိမ့်မည်မဟုတ်ချေ။ တစ်ခါတစ်ရံ လောကကြီးထက် လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုက သာလွန်တတ်ပါသည်။

ဘဝသည် သုည ဆိုလျှင် ဤလောကကြီးတွင် ရှင်သန်ခဲ့သော ပိန်ပိန်ရွဲ့စောင်းစောင်း သုည တစ်လုံးသည် မထင်မရှားကွယ်ပျောက်ခဲ့လေပြီ။

သူမသေဆုံးကြောင်း ကြေးနန်းစာကို ကျွန်တော်ကိုင်ထားပါသည်။

သူမသည် ကျန်းမာရေးသာမက စီးပွားရေး၊ လူမှုရေး အရာအားလုံး အမြဲတမ်းချည့်နဲ့ နေတတ်သူမို့ သူမရဲ့ နာရေးသတင်းသည် ထူး၍ အံ့သြစရာမဟုတ်ပါ။


တစ်ခုတော့ရှိပါသည်။ သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ချည့်နဲ့ခြင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ စူးရှခိုင်မာခဲ့ သော စိတ်ဓာတ်အင်အားများ ရှိနေသောကြောင့် ဤလောကကြီးထဲမှာ သူမ ထွက်ခွာသွားချိန်သည် စောလွန်းနေသလို ခံစားမိသည်။


သူမသည် ပုံပြင်တစ်ပုဒ်နှင့်မတူပါ။ သူမ၏ခြောက်ကပ်ကပ်လှုပ်ရှားမှုများသည် သီချင်းသံစဉ်မဲ့ စည်းချက်ရိုက်သလို ငြီးငွေ့ဖွယ်ကောင်းလှ၏။


သူမသည် စီးပွားရေးအရ အတော်အတန်အရေးပါသော အထက်မြန်မာပြည်ခရိုင်မြို့တစ်မြို့တွင် နေထိုင်ပါသည်။ အဲသည်မြို့ရဲ့ ဘာသာရေး အသင်းအဖွဲ့တစ်ခုက ထူထောင်ထားတဲ့ ရှေးဟောင်း ပိဋကတ် စာကြည့်တိုက်တွင် သူမက စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ပါသည်။


စာကြည့်တိုက်မှူး ဆိုတဲ့ ခံညားလှသော အခေါ်ပညတ်ကို ပိုင်ဆိုင်သော်လည်း သူမရဲ့ ဝင်ငွေက သာမန်စာရေးဝန်ထမ်း တစ်ယောက်ရဲ့ လစာထက်မပိုကြောင်း ကျွန်တော်သိထားပါသည်။

သို့ပေမယ့် သူမရဲ့အလုပ်ကိုတော့ အတော်လေး မြတ်နိုးပုံရပါသည်။


လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆောက်လုပ်ထားခဲ့တဲ့စာကြည့်တိုက်ကြီးပေါ်က ဟောင်းမြင်းလှပြီ ဖြစ်သော ပေထုပ်တွေ၊ စာအုပ်ထူတွေ၊ ဓါတ်ပုံ၊ ဖလင်ဟောင်းတွေ နှင့် အိုးခြမ်းပဲ့ ကျောက်ပစ္စည်း အစအနလေးများကြားတွင် တကုပ်ကုပ်လှုပ်ရှားနေတဲ့ သူမကိုနေ့စဉ် မြင်တွေ့နိုင်၏။ သူမရဲ့ အလုပ်သည် ပျင်းရိဖွယ်ကောင်းကြောင်း ကျွန်တော်ပြောတော့...
... အဟောင်းတွေကြားမှာ နေရတဲ့ ကျွန်မရဲ့ ရင်ခုန်သံနဲ့ အတွေးတွေက သူများတွေထက် ပိုသစ်နေတာ သေချာတယ်ရှင့်။ ဘာလို့လဲဆိုတော့ အဲသည်အဟောင်းတွေက ကျွန်မကို လူငယ်တစ်ယောက်လို တုံ့ပြန်တတ်လို့ပဲ။ ကျွန်မတော့ပျော်တယ်..လို့ ရယ်မော ပြောဆိုခဲ့ဖူးပါသည်။ သူမရဲ့စကားက သဘာဝကျပါသည်။

ကျွန်တော်သည် ပန်းချီဆရာတစ်ယောက်ဖြစ်သော်လည်း မိန်းကလေးများနှင့် အနေမစိမ်းလှသော ဓါတ်ပုံဆရာအလုပ်ကိုပါ လုပ်ကိုင်သူဖြစ်သည်။

သူမ၏မျက်နှာသည် အခြားမိန်းကလေးတွေ ပြင်ဆင်တတ်ကြတဲ့ ရောင်စုံခြယ်သခြင်းမျိုးမဟုတ် သော်လည်း ခေတ်မီသော ရသတစ်ခုကို နှစ်လိုစွာ ခံစား ရရှိနိုင်ပါသည်။

ပြီးတော့ သူမရဲ့ဝတ်စားဆင်ယင်ပုံက ခေတ်ကိုလိုက်၍ ဖက်ရှင်ထွင်ခြင်းကင်းပေစွ။ ဤသို့ စည်းရိုးတန်းမထားဘဲ လွတ်လပ်ပုံစံကပင် တစ်မျိုးထူးခြားစွာ ဆန်းသစ်နေပါသည်။ သူမရဲ့အဝတ် အစားများသည် တန်ဖိုးနည်းသော်လည်း သူမကို လှပစေဖို့တော့ လုံလောက်ပါသည်။

တကယ်ဆိုလျှင် ကျန်းမာရေး မကောင်းသဖြင့် ကိုင်းနွဲ့နွဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ အသက် သုံးဆယ်ကျော် မိန်းမတစ်ယောက်ရဲ့ အလှသည် ဤမျှလတ်ဆတ်နေဖို့ မကောင်းပါ။ သို့သော် သူမ လှပါသည်။

သူမရဲ့ အပေါ်ယံအရည်အသွေးများကို ချီးမွမ်းပြောဆိုခြင်းက သူမရဲ့သိက္ခာကို ပေါ့သွားစေမည် လား မသိပါ။ စင်စစ် ကျွန်တော်ရဲ့ရင်ထဲတွင် နွေးထွေးစွာ ခံစားပြောဆိုချင်သည်က သူမရဲ့ အတွေးအခေါ်နှင့် စွမ်းရည်ကို ဖြစ်ပါသည်။

ကျွန်တော်သည်သူမရဲ့ပိဋကတ်စာကြည့်တိုက်နှင့်ရှေးဟောင်းသုတေသန အလုပ်တွေကိုနားမလည် သော်လည်း လေးစားပါသည်။ ပြီးတော့ သူမသည် ကဗျာ အရေးကောင်း၏ ။ "စမ်းသူရိ" အမည်ဖြင့် ရေးသားခဲ့သော မဂ္ဂဇင်းစာမျက်နှာပေါ်က သူမရဲ့ကဗျာများသည် ကျဲပါးသော်လည်း စာပေသြဇာ ကြီးမားကြောင်း ကျွန်တော်တို့ လက်ခံထားကြပါသည်။ ပြီးတော့ သူမသည် ပန်းချီကားများ ကိုလည်း ခံစားတတ်၏။ ဟော်လိုဂီတာ တစ်လက်နှင့် "အောင်မြေသာဇံ ပတ်ပျိုး" ကို ကျွမ်းကျင်စွာ တီးခတ်ပြနိုင်၏။

သူမတွင်ဆွေမျိုးရင်းချာမရှိ။ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေများစွာမရှိ။ လူစည်ကားသောပွဲလမ်းသဘင် များသို့ သွားလာခြင်းမရှိ။ အနုပညာနှင့် မစပ်သော အပိုစကားများပြောဆိုခြင်းမရှိ။

ဤသို့ သူမရဲ့ မရှိခြင်း ရှိခြင်း ကိုယ်ရည်ကိုယ်သွေးများကို ပေါင်းစပ်ပုံဖော်လိုက်သောအခါ သူမတွင် ဆန့်ကျင်ဘက် (ယောက်ျား) တစ်ယောက်ရဲ့ အရည်အချင်းများစွာ ထွက်ပေါ်လာပါသည်။

ထို့ကြောင့်ထင်ပါရဲ့...ထိုမြို့တွင် သူ့ကိုယ်သူယုံကြည်မှုအပြည့်ဖြင့် တစ်ယောက်တည်းနေထိုင် ပါသည်။ သူမသည် ရိုးသားစွာရဲဝံ့ပါသည်။ ပွင့်လင်းစွာယဉ်ကျေးပါသည်။

သူမကဲ့သို့ မိန်းမတစ်ယောက်က ဘဝဆက်တိုင်း မိန်းမဖြစ်ချင်ပါကြောင်းပြောတော့ ကျွန်တော် အံ့သြဖူးသည်။ "ယောက်ျားကောင်း တစ်ယောက် ဖြစ်ဖို့ထက် မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ ပိုခက်တယ်ရှင့် " တဲ့။“ မြန်မာပြည်မှာ မိန်းမကောင်းတွေပေါတာ သိပ်ကျက်သရေရှိသတဲ့”။

သူမသည်ဆန့်ကျင်ဘက်အရည်အချင်းများနှင့်ပြည့်နှက်နေသော အာဂမိန်းမဝါဒီတစ်ဦးပင်တည်း။

အကယ်၍သာ သူမသေဆုံးသွားခဲ့လျှင်ဆိုတဲ့အတွေးမျိုး ကြိုတင်ပြီးမစဉ်းစားမိခဲ့ခြင်းမှာ မှားလေစွ။

စဉ်းစားထားဖြစ်ခဲ့ပါလျှင် သူမသေဆုံးသွားပြီးသောအခါ ဖြစ်ပေါ်လာမည့် ရှေ့ရေးကို ကြိုတင်စီစဉ် နိုင်ပေလိမ့်မည်။ အနည်းဆုံး သူမနှင့် သွေးမရင်းသော်လည်း ဆွေမျိုးနီးစပ်တော်သူများ နာမည်ကို ဖြစ်ဖြစ်ပေါ့။ မေးမြန်းစုံစမ်းထားမိပေလိမ့်မည်။

ယခုတော့ ကျွန်တော့်ထံသို့လှမ်းပြီးအကြောင်းကြားတဲ့ ကြေးနန်းစာကိုဖတ်ပြီး များစွာဝမ်းနည်းဖွယ် ခံစားရပါသည်။
"ဒေါ်စမ်းစမ်းနိုင် သေဆုံး
အမြန်လာပါ"

ဆိုပြီး ကြေးနန်းပို့သူများမှာရပ်ကွက်လူကြီးများတဲ့။ သူမရဲ့ဘဝသည်မည်မျှ အထီးကျန်ဆန်လိုက် ပါသနည်း။ သူမရဲ့ အရေးကြီှးှဆုံး အချိန်တွင် မိသားစု မရှိ။ အဖော် မရှိ။ ရင်းနှီးမိတ်ဆွေ မရှိ။

ရပ်ကွက်လူကြီးများသည်ကျွန်တော်၏လိပ်စာကိုပင်ဘယ်သို့ရှာဖွေသိရှိခဲ့ကြသည်မသိပေ။သူမသည် ဘယ်နေ့က သေဆုံးကြောင်းလည်း တိတိကျကျရေးမထားပေ။ သူမ၏ နောက်ဆုံးခရီးကို အချိန်မီ ရောက်လိုလှပါသည်။ သို့ရာတွင် လုံးဝမဖြစ်နိုင်သော အခြေအနေတွင် ရှိပါသည်။

သူမတို့မြို့သို့သွားမည်ဆိုလျှင်မော်တော်ကားဖြင့်တစ်နေကုန်စီးပြီးမှရောက်နိုင်ပါသည်။ခက်သည်က ညဘက်တွင် ပြေးဆွဲသည့် ကားကလည်းမရှိ။ သူမထံသို့ အစောဆုံးမနက်ဖြန် ညနေစောင်းမှ ရောက်နိုင် ပေတော့မည်။

ကြေးနန်းစာပေးပို့လိုက်သော ရက်စွဲကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က ဖြစ်နေပေပြီ။ သွားပေဦးတော့ မစမ်းစမ်းနိုင်ရေ.......

ကျွန်တော်သည် ဆွေးဆွေးနင့်နင့် အော်ဟစ်ပေါက်ကွဲပစ်လိုက်မိပါသည်။

သူမနှင့် ကျွန်တော်သည် ငယ်ပေါင်းကြီးဖော်များ မဟုတ်ကြသော်လည်း ရင်းနှီးကြ၏။ တစ်ဦးနှင့် တစ်ဦးသံယောဇဉ်ကြီးတတ်ကြ၏။ အံ့သြဖွယ်ကောင်းသည်က ကျွန်တော်တို့နှစ်ယောက်သည် ချစ်သူဖြစ်မလာကြခြင်းပင်။

သူမနှင့် ကျွန်တော်ဆုံဆည်းခဲ့ရပုံကို ပြောပြချင်ပါသေးသည်။ ကျွန်တော်သည်မန္တလေးသို့ ရောက်လျှင် စာအုပ်ဆိုင်တွေမှာထိုင်ပြီး အချိန်ဖြုန်းရခြင်းကို နှစ်သက်တတ်သူ ဖြစ်၏။ သူမသည်လည်း စာအုပ်ဟောင်းတွေ စုဆောင်းဝယ်ယူခြင်းကို အလုပ်တစ်ခု အဖြစ်လုပ်ကိုင်နေသူ တစ်ယောက်ပါ။ သည်တော့ သူမနှင့်ကျွန်တော်တို့သည် "ဥတ္တရလွင်ပြင်" နှင့် "ဒေါင်းအိုးဝေ" စာအုပ်ဆိုင်များတွင် မကြာခဏဆုံမိကြပါသည်။

အဲသည် စာအုပ်ဆိုင်ရှင်များကလည်း ကျွန်တော်တို့ နှစ်ဦးစလုံးနှင့် ရင်းနှီးရင်းစွဲရှိသော စာပေစိတ်ရှိကြသူများဖြစ်ကြလေရာ တွေ့တိုင်းစကားဝိုင်းဖွဲ့ဖြစ်သွားကြပါတော့သည်။

ထိုစဉ်က သူမနေထိုင်ရာမြို့နှင့်သူမရဲ့အလုပ်အကိုင်ကိုသာအပေါ်ယံမျှသိရှိထားခဲ့ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော သုံးနှစ်ခန့်ကတော့ ကျွန်တော်သည် ပန်းချီပြပွဲကိစ္စတစ်ခုကြောင့် သူငယ်ချင်း ပန်းချီဆရာကို ရှာဖွေရန် သူမနေထိုင်ရာမြို့သို့ ရောက်ရှိခဲ့ပါသည်။ ကံဆိုးချင်တော့ သူငယ်ချင်း ပန်းချီဆရာကို ရှာမတွေ့။ ကျွန်တော်တွင် ဖြစ်လေ့ရှိတဲ့ အားနည်းချက်အတိုင်း အိတ်ကပ်ထဲတွင် တည်းခိုခန်း တည်းနိုင်တဲ့ ငွေကြေးအင်အား လုံလောက်စွာ ပါမလာခဲ့ပါ။ ကျွန်တော့်အတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အမြန်ဆုံးရှာဖွေဖို့ ဖြစ်ပါသည်။

အချိန်ကလည်းနေဝင်ပြီဖြစ်သဖြင့် အရာအားလုံးသည် သဲသဲကွဲကွဲ မရှိတော့။ စုတ်ချာချာ အဆင်အပြင်နှင့်မသပ်မရပ် ကျွန်တော့်လိုကောင်မျိုးကို ဘုန်းကြီးကျောင်းကလည်း လူကောင်း တစ်ယောက်အဖြစ် လက်ခံချင်ပါမည်လားဆိုတာ မသေချာလှပေ။

ကံကောင်းချင်တော့ မြို့ထဲ လမ်းပေါ်တွင် တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေခိုက် စာကြည့်တိုက်တံခါးပိတ်ပြီးပြန်လာတဲ့ သူမနှင့်ပက်ပင်းတွေ့ပါတော့သည်။

"ဟာ....မစမ်းစမ်းနိုင်၊ ဝမ်းသာလိုက်တာဗျာ။ ဒီမှာ ဒုက္ခဖြစ်နေတာဗျ"

ကျွန်တော်၏အခက်အခဲကိုအားကိုးတကြီးဖွင့်ဟမိပါသည်။သူမကတော့ကျွန်တော်၏အူကြောင်ကြောင် အမူအရာကိုကြည့်ပြီး ဟက်ပက်စွာရယ်မောပါသည်။ ပြီးတော့ကျွန်တော့အား စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ထမင်းကျွေးပါသည်။ သူမကတော့ မစားပါ။ ဘေးမှာထိုင်လျက်။

အိမ်သို့ရောက်တော့ မိသားစုကင်းမဲ့သော သူမရဲ့ နေထိုင်ခြင်းကို သိခွင့်ရလိုက်ပါသည်။

"မစမ်းစမ်းနိုင်ကိုအားနာလိုက်တာဗျာ။ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ" မိန်းမသားတစ်ယောက် တည်းနေတဲ့အိမ် ဖြစ်ခြင်းအတွက် ကျွန်တော့်အနေဖြင့် အလိုက်သိစွာ ပြောသင့်သည်မို့ပြောလိုက် ရသော်လည်း သည်စကားက သူမရဲ့ သိက္ခာထိပါးမှာ လည်း စိုးရိမ်မိပြန်သည်။

"ကျွန်မလည်းတွေးနေတာပဲ။ ကျွန်မအိမ်က ကျယ်ဝန်းပါတယ်။ ဒါပေမယ့် လောကကြီးက ကျဉ်းနေတာကို လည်း ကျွန်မလည်း သတိထားရမယ်။ ကျွန်မဘာလုပ်ပေးရရင် ကောင်းမလဲ။"

ကျွန်တော်သည် သူမရဲ့အတွေးစကားနှင့်ဆုံးဖြတ်ချက်ကို ငံ့လင့်ရင်း ရှာမတွေ့တဲ့သူငယ်ချင်းပန်းချီ ဆရာကိုသာ စိတ်ထဲက ကျိန်ဆဲနေမိပါသည်။

"မိုးလည်းချုပ်နေပြီ။ ဒီညတော့ ကျွန်မအိမ်မှာပဲအိပ်လိုက်ပါတော့။ ကျွန်မတို့စကားတွေ ပြောနေတာ နဲ့ မိုးလင်းသွားမှာပါ "

သူမပြောသည်မှာမှန်လေစွ။သူမနှင့်စကားပြောရသည်မှာကျွန်တော့်အတွက်အလွန်အကျိုးရှိပါသည်။ သူမနှင့်စကားကြာကြာပြောကြည့်တော့မှ အနုပညာသမားသန့်သန့်ဖြစ်နေတဲ့ သူမရဲ့အရည်အသွေး များကို သိခွင့်ရခဲ့ပါသည်။

သူမပြောပြတဲ့ဟံလင်းမြို့တော်ဟောင်းတူးဖော်စဉ်ကရရှိခဲ့တဲ့လက်ချင်းတွဲဆက်ထားသောရုပ်ကြွင်း လူရိုးစုနှစ်စုအကြောင်းကြားရသဖြင့် "ရုပ်ကြွင်းရဲ့ နှလုံးသားအစို"လို့အမည်ရတဲ့ ပန်းချီကားတစ်ချပ် ရေးသားဖို့ ပန်းချီ အတွေးရခဲ့ပါသည်။

နောက်တစ်လခန့်ကြာသောအခါ သူငယ်ချင်းပန်းချီဆရာနှင့်အတူ သူမတို့မြို့သို့ရောက်ပြန်ပါ သည်။ ကျွန်တော်တို့ လာခဲ့ရသောခရီးရဲ့ အခြေအနေမှာ ညနေစောင်းမှာ ရောက်သောကြောင့် ထိုမြို့တွင် ညအိပ်ဖို့လိုအပ်လေ့ရှိပါသည်။ သို့ပေမယ့် သည်တစ်ကြိမ်မှာတော့ ကျွန်တော့်တွင် အဖော်သူငယ်ချင်းလည်းပါနေသည်မို့ သူမအိမ်သို့ တည်းခိုရန် လိပ်ပြာသန့်စွာ ရောက်ခဲ့ပါသည်။

သူမအိမ်တွင် တည်းခိုမိခြင်းရဲ့ အဓိကအကြောင်းရင်းမှာ သူမနှင့် စကားပြောဆိုရသည်ကို နှစ်သက်သောကြောင့်ဖြစ်ပါသည်။ ရင်ခုန်သံချင်းတူသော အနုပညာသမားချင်း စကားပြောဆိုလို့ ကောင်းသည်ဆိုတဲ့ ခံစားမှုမျိုးကို အနုပညာသမားတွေသာ နားလည်နိုင်သောအရာဖြစ်ပါသည်။

အဲသည်ညက စကားပြောခွင့် ရခဲ့သဖြင့် သူမရဲ့ လေးစားဖွယ်ကောင်းသော အတွေးအခေါ်နှင့် ရပ်တည်ချက်ကို ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာက တဖွဖွ ချီးကျူးပြောဆိုနေပါတော့သည်။

ဘာပဲဖြစ်ဖြစ် သူမသည် ကျွန်တော့အတါက မိန်းမယောက်ျား ကွဲပြားခြင်းဆိုသည်က ပျောက်ကွယ်သွားသလိုပါပဲ။ သူမကိုယ်တိုင်ကလည်းကျွန်တော်နှင့် ယခုကဲ့သို့ စကားပြောဆိုရခြင်းကို နှစ်သက်ကြောင်း ဝန်ခံပြောဆိုပါသည်။

"ကျွန်မက ပင်ကိုကလည်း စကားအလွန်နည်းတာရှင့်။ ပြီးတော့ ကျွန်မပြောချင်တဲ့ စကားကလည်းစိတ်ဝင်စားမယ့်လူ ရှားပါးလှတဲ့ စကားလေ။ အနုပညာသမားရဲ့ စကားဆိုတာ သင်းကွဲစကား ဖြစ်နေသလိုပဲ။ ဒီတော့ ရှင်တို့ လာမှ ကျွန်မလည်းစကားကောင်းကောင်း ပြောဖြစ်တော့တာရှင့်"

အကြောင်းတိုက်ဆိုင်စွာပါပဲ။ နောက်တစ်လကြာသောအခါ မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက်နှင့် အတူ သူမထံသို့ ထပ်မံရောက်ရှိ ပြန်ပါသည်။ ယခင်အတိုင်း တစ်ညလုံးနီးပါး စကားပြောဆိုပြီး နောက်တစ်နေ့တွင် ကျွန်တော်တို့ အလုပ်ကိစ္စ လုပ်ကိုင်ပြီး သည်နှင့် ပြန်သွားကြပါသည်။

သည်လိုနှင့် တစ်ယောက်တည်း နေတဲ့ သူမထံသို့ လည်ပတ်ရသည်ကို တွေ့စကဲ့သို့ လေးပင်သော ခံစားမှုမျိုးမရှိတော့ဘဲ စိတ်သန့်သန့် ပေါ့ပါးစွာ ရောက်သွားတတ်ပါသည်။

တစ်ခါတစ်ရံ ပန်းချီအတွေးကလည်း ခန်းခြောက်နေပြီး စိတ်လေလွင့်သလို ဖြစ်နေလျှင် သူမထံသို့ ကျွန်တော်တစ်ယောက်တည်းလည်း သွားပစ်လိုက်ပါတော့သည်။ ထိုအခါ သူမသည် ကျွန်တော့်အား ငြိုငြင်ခြင်း ကင်းသော်လည်း အကဲခတ်သော မျက်လုံးများဖြင့် လက်ခံစကားပြောခဲ့ကြောင်း သတိထားမိ၏။

ကျွန်တော်သည် သူမထံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ဖူးသော်လည်း သူမကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာမျိုး တစ်ကြိမ်မျှ မစားခဲ့ရဖူးပေ။ နံနက်လင်း၍ မျက်နှာသစ်တဲ့ ကိစ္စလေးများကအစ ဧည့်ဝတ်ကျေခြင်းကင်းစွာ လျစ်လျူရှုထားတတ်သည်။ သူမထံသို့ ကျွန်တော်ယူဆောင်လာတဲ့ လက်ဆောင်များကို ငြင်းပယ်တတ်သလို သူမထံမှလည်း ဘာမျှ လက်ဆောင် မရခဲ့ဖူးပါ။

ကျွန်တော်နှင့် စကားပြောရာတွင် အကြည်လင်ဆုံးမှာ သူမရဲ့ မျက်လုံးများပင်ဖြစ်ပါသည်။ သူမ၏ မျက်လုံးများသည်ကျွန်တော့်ထံသို့ တစ်စက္ကန့်စာမျှစူးစိုက်မကြည့်ဖူးခြင်းက လေးစားလောက်ပါပေ သည်။

နောက်တစ်ချက် ထူးခြားသည်မှာ သူမနှင့် ဒဿနပေါင်းများစွာ၊ အနုပညာစကားပေါင်းများစွာ ဆွေးနွေးပြောဆိုဖူးသော်လည်း အချစ်နှင့်ပတ်သက်၍ ဘယ်သောအခါကမျှ ဆွေးနွေးခွင့်မရခဲ့ခြင်း ပင်။ "ကျွန်မက အဲသည်ကိစ္စတွေ သိပ်မပျော်ဝင်ဘူးရှင့်"။ ကျွန်မ မသိဘူး ဆိုတဲ့စကားနှင့် ပိတ်ဆို့ပစ်၏။

ကျွန်တော်နှင့် သည်မျှ ရင်းနှီးနေလျက်ပင် သူမရဲ့ပုဂ္ဂလိက ခံစားမှုတို့ကို တစ်ချက်မျှ လှစ်ပြခြင်း မရှိပေ။

သူမသည်မြန်မာနှင်းဆီလို့ခေါ်တဲ့နှင်းဆီကြမ်းကိုတော့အလွန်နှစ်သက်ကြောင်းမကြာခဏပြောတတ် ပါသည်။ ဤသို့ပြောပြဖြစ်ခြင်းမှာလည်း သူမအိမ်ရှိ အလှစိုက်ပန်းအိုးတွင် မပြတ်တွေ့မြင်ရ သောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် သူမအတွက် “နှင်းဆီကြမ်းများ ဆိုတဲ့ပန်းချီကားတစ်ချပ်ကို မဝံ့မရဲလက်ဆောင် ပေးကြည့်တော့ မြတ်နိုးစွာ လက်ခံယူပါသည်။ ကျွန်တော့်တစ်သက် သူမအတွက် ပေးဖြစ်ခဲ့ဖူးတဲ့ လက်ဆောင်မှာ သည်ပန်းချီကားတစ်ချပ်ပါ။

ယခုတော့ သူမသေဆုံးခဲ့လေပြီ။ သူမသည် နှင်းဆီပွင့်ကဲ့သို့ အလှဆုံးပွင့်ခဲ့၏။ အချိုမြဆုံးမွှေးပျံ့ခဲ့၏၊ ပြီးတော့ သူမရဲ့ လွတ်လပ်တဲ့နေထိုင်မှုတွင် ဆူးနှင့်တူသော ကိုယ်ကျင့်တရားတွေဖြင့် ချွန်မြစေခဲ့လေပြီ။

အမှန်ကို ဝန်ခံရလျှင်ကျွန်တော်သည် သူမအား သူစိမ်းယောက်ျားတစ်ယောက်ဆိုတဲ့ စိတ်ဖြင့် ရင်ခုန်ခဲ့ဖူး၏။ သူမက ကျန်းမာရေးချည့်နဲ့သော်လည်း လှသည်လေ။

သို့ရာတွင် သူမရဲ့သန့်စင်ခိုင်ခံ့သောမျက်လုံးများကိုလည်းကောင်း၊ပြတ်သားရဲရင့်သောအတွေးအခေါ် များကို လည်းကောင်း၊ ချက်ချင်းသတိရမိလိုက်သည်နှင့် ဝန်ရိုးစွန်းက ရေခဲတောင်တန်းတွေ မီးလောင် ပြာကျသွားသလို ကျွန်တော့်၏ရင်ထဲတွင် အေးစက်ခြင်း၊ လောင်မြိုက်ခြင်းတို့ဖြင့် လှုပ်ခတ်တုန်ခါသွားပါသည်။


တကယ်ဆို တစ်ယောက်တည်းသိက္ခာရှိရှိနေထိုင်တဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်တို့အားလုံး ဝိုင်းဝန်း၍ လေးစားစွာစောင့်ရှောက်ပေးရမည် မဟုတ်ပါလား။ သူမအတွက်တော့ သိပ်မထူးဆန်းတော့သလိုပါပဲ။
"သိက္ခာတို့၊ သီလတို့ဆိုတာ ပုဂ္ဂိုလ်ရေးနဲ့ အဓိကပတ်သက်တယ်။ တကယ်တမ်းကျတော့ လူတွေရဲ့ ကိုယ်ကျင့်တရားကို ဦးစီးနေတာ ဓလေ့ထုံးစံပဲ။ လူတွေဟာ ဓလေ့ထုံးစံရဲ့ သတ်မှတ်ချက် တရားအောက်မှာလက်မခံချင်ဘဲလည်း လက်ခံရလိမ့်မယ်..."

“ဓလေ့ထုံးစံတိုင်းက အမှန်တရားမှ မဟုတ်တာဗျ"

"အမှန်တရားအတွက် ဓလေ့ထုံးစံတွေ ပေါ်ပေါက်ခဲ့ရတာရတာရှင့်။ ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းကောင်း ဓလေ့ထုံးစံကခွင့်မပြုရင် ရှောင်ရမယ်။ အဲ.....မရှောင်ဘဲ ထိုးဖောက်ထွက်မယ်ဆိုရင်လည်း ဂုဏ်သိက္ခာကို စတေးရလိမ့်မယ်"
အဲသည်တုံးက သူမစကားရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။ ပိုင်ရှင် ကင်းမဲ့နေပြီဖြစ်သော သူမရဲ့အိမ်ကိုရောက်တော့မှ သူမအတွက် ဝမ်းနည်းခံခက်စွာ သိခွင့်ရလိုက်ပါတော့သည်။

သူမရဲ့အိမ်ကရောက်တော့ ကျွန်တော့်ကိုစောင့်ကြိုနေတဲ့ ရပ်ကွက်လူကြီးတစ်ယောက်ရဲ့စကားက ရင်ဝကို ဆောင့်ကန်ချလိုက်သလို ခံစားရ၏။
ခင်ဗျား တော်တော်တာဝန်မဲ့တဲ့လူဗျာ
ဖြစ်ကြောင်းကုန်စင် မသိရသေးသည်မို့ ငေးကြောင်နားစွင့်နေမိသည်။
ဒေါ်စမ်းစမ်းနိုင်ရဲ့အိမ်တံခါးတွေ ပိတ်ထားတာကြာပြီဗျ။ ကျွန်တော်တို့လည်း သူ တစ်နေခရီးထွက်နေတယ် ထင်ကြတာလေ။ အိမ်ထဲက ပုတ်စော်နံလာတော့မှ အိမ်နီးချင်းတွေက မသင်္ကာတာနဲ့ တံခါးဖျက်ပြီး ဝင်ကြည့်ကြတော့ အိပ်ယာထဲမှာ တစ်ယောက်ထည်းသေနေတာတွေ့ရတယ်ဗျာ။ သူ ခုတလော နေမကောင်းလို့ ဆေးခန်းမှာ ဆေးထိုးနေတာတော့ အိမ်နီးချင်းတွေ သတိထားမိကြပါရဲ့။ သူကလည်း စကားနည်းတဲ့ လူဆိုတော့ သည်အတိုင်းဘာသိဘာသာ နေလိုက်ကြတာပေါ့။ မှုခင်းဆရာဝန်ကတော့ အဆုတ်ရောဂါကြောင့်သေဆုံး သွားတာလို့ မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် ခင်ဗျား နေနိုင်ရက်ပါတယ်ဗျာ...

ကျွန်တော်လည်းခုတလော ဓါတ်ပုံလုပ်ငန်းက ရှုပ်နေတော့ သူ့ဆီကိုမရောက်ဖြစ်တာ နှစ်လလောက် ကြာသွားတယ်

ဒါကြောင့် တာဝန်မဲ့တယ် ပြောတာပေါ့။ တကယ်ဆို ခင်ဗျားက သူ့ယောက်ျားမဟုတ်လား

ခင်ဗျာ
ကျွန်တော့်မျက်နှာထူပူသွား၏။ သေဆုံးသွားပြီဖြစ်သော်လည်း အနားမှာ သူမရှိနေသကဲ့သို့ အားနာလိုက်သည့်ဖြစ်ခြင်း။ ပေါ့ဆစွာ စွပ်စွဲပြောဆိုရဲသော ထိုလူကြောင့် ထောင်းခနဲ ထကြွလာတဲ့ ဒေါသစိတ်တွေကို ချိုးနှိမ်ပြီးပြောရသည်။
"မစမ်းစမ်းနိုင်နဲ့ကျွန်တော်နဲ့ကမိတ်ဆွေတွေပါခင်ဗျာ။သူ့ရဲ့မိသားစုဆွေမျိုးတွေအကြောင်း လည်းကျွန်တော်မသိပါဘူး.. မိသားစုအပေါ်တစ်ခုခုစိတ်နာခဲ့တဲ့အတွက် ကျွန်တော့်ကို ပြောမပြတာလည်းဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ သူနဲ့ တစ်ခါတစ်ရံစကားပြောဖို့ ရောက်လာတတ်တဲ့မိတ်ဆွေ တစ်ယောက်အဆင့်မှာပဲ ရှိပါတယ်...

ခင်ဗျားတို့လင်မယားတော်တော်ကြောင်တာပဲ။ ဒေါ်စမ်းစမ်းနိုင်ကလည်းခင်ဗျားကို သူ့ မိတ်ဆွေပါလို့ ဇွတ်ငြင်းတယ်။ မိန်းမတစ်ယောက်တည်းနေတဲ့ အိမ်မှာ သွေးသားမစပ်တဲ့ ယောက်ျားတစ်ယောက် မကြာခဏလာတည်းရမလားဗျ။ သူကလည်း လက်မခံရဘူး။ ဒါဆိုရင် ကျုပ်တို့အနေနဲ့ ခင်ဗျားလာတဲ့အခါတိုင်း စောင့်ကြည့်ပြီး ဝိုင်းဖမ်းမှာ ပြောတော့မှ ဒီမိန်းမ ဘာပြောတယ်မှတ်သလဲ။

ကျွန်ယောက်ျားပါဆိုရင် ဘာဖြစ်မှာလဲ တဲ့

အဲဒါဆိုရင်တော့ ကျုပ်တို့က ဘာမှ နှောင့်ယှက်စရာ မလိုတော့ပါဘူး ပြောမှ စိတ်ပျက်လက်ပျက် ခေါင်းညိတ်ဝန်ခံသွားတယ်ဗျာ။ ကျုပ်တို့လည်း ခင်ဗျားရဲ့ နာမည်၊ အလုပ်အကိုင်နဲ့ လိပ်စာကို တစ်ခါတည်း မှတ်ထားရတယ်လေ

ဟာ... အဲဒါ လုံးဝမဟုတ်ဘူး။ ခင်ဗျားတိုဝိုင်းဖမ်းမယ်ဆိုတဲ့ အစီအစဉ်ကြီးဟာ ကျွန်တော်တို့ရဲ့ ရိုးသားမှုကို တိတိလင်းလင်း စော်ကားဖျက်ဆီးပစ်တာမို့ သူ ခေါင်းညိတ်ပစ်တာပဲ ဖြစ်မယ်။ ကျွန်တော်တို့လုံးဝရိုးသားတယ်....

ရပ်နဲ့ရွာနဲ့နေတာဗျ။ အရပ်ထုံးစံကိုပယ်လို့ဘယ်ရမလဲ။ပြီးတော့ခုကိစ္စက ခင်ဗျားအတွက် ဟောသည်အိမ်ကို အမွေဆက်ခံပိုင်ခွင့်အရ လွှဲပေးမှာဖြစ်လို့ ပြောနေတယ်လို့ ဆိုတာလည်း သတိထားပါဦး.....

မလိုချင်ဘူး..။ ဟုတ်လည်းမဟုတ်ဘူးဗျာ....ကဲ ......
ပြောပြီး ဆွေးနင့်ဖိုရှိုက်စွာ တံတွေးမျိုချမိပါသည်။ှ

ဖြစ်ရလေ...မစမ်းစမ်းနိုင်ရယ်။ သူမရဲ့ ဧည့်ခန်းတွင် ချိတ်ဆွဲထားလျက်ရှိသော ပန်းချီကားထဲက နှင်းဆီကြမ်းများသည် ရဲဝံ့နီထွေးစွာ လန်းဆန်းနေကြဆဲ။ ကျွန်တော် လွမ်းမောစွာ ငေးကြည့်ဖြစ်၏။

မစမ်းစမ်းနိုင်...ခင်ဗျား နောက်ဘဝမှာလည်း နှင်းဆီကြမ်းပြန်ဖြစ်ရင် ဟောသည်လောကကြီးထဲ မှာတော့ မဖြစ်နဲ့တော့ဗျာ။ လွတ်လပ်တဲ့ တွေးခေါ်မှုတွေကို မြတ်နိုးလှတဲ့ ခင်ဗျားအတွက် အဆုံးအစမရှိ လွတ်လပ်တဲ့ မိုးကောင်းကင်ကြီးက ကြိုဆိုနေမှာပါ။

ဟော...
ဟိုမှာလေ တိပ်ရိပ်တွေကြားက နှင်းဆီတစ်ပွင့်။

မဝင့်(မြစ်ငယ်)- မဟေသီမဂ္ဂဇင်း၊ဇန်နဝါရီ၊၁၉၉၆နှင့် ခံစားသူအကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ၊ ၁၉၉၈၊ ဥတ္တရလမင်း-ခံစားသူအကြိုက်(၁၀)နှစ်တာ လက်ရွေးစင် ဝတ္ထုတိုများ (ဖေဖော်ဝါရီလ၊၂၀၀၇။)-

လူတစ်ယောက်ရဲ့လွတ်လပ်မှုဟာ အခြားသူတစ်ဦးရဲ့ လွတ်လပ်ခွင့်ကို မထိပါးသင့်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ထင်သာလွှမ်းမိုးမှုသဘောနဲ့ မြန်မာလူမှုအဖွဲ့အစည်းရဲ့ အများညီ ဓလေ့ထုံးတမ်းတို့ကို လေးစားလိုက်နာကြရတဲ့ မြန်မာလူ့ဘောင်လောကနဲ့ ပတ်သက်ပြီး ဒီဝတ္ထုတိုက အများကြီးပြောသွားနိုင်ခဲ့ပါတယ်....

ဒီဝတ္ထုကိုရေးရခြင်းနဲ့ပတ်သက်လို့ ဆရာမ မဝင့်(မြစ်ငယ်)က
ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုဆိုတာတွေဟာ လူတွေပြုလုပ်ခဲ့ကြတာပါ။ အဲဒါတွေဟာ တရားမျှတမှုရှိတဲ့ တရားသေ အမှန်တရားလား.... အဲဒါတွေဟာ လူ့အထက်မှာရှိသလား... လူ့အောက်မှာရှိသလား... ထိုးဖောက်ခွင့်မရှိဘူးလား... အများကြီးတွေးဖူးတယ်.... မိန်းမတစ်ယောက်အနေနဲ့ ပေါက်ကွဲခံစားခဲ့ဖူးတယ်.... အဲဒီအချိန်တုံးက ဒီဝတ္ထုကို ရေးဖြစ်တယ်
လို့ ဆိုပါတယ်.....

ကျွန်တော်ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်လူ့ဘောင်၊ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မျက်မှောက်ပြုနေရတဲ့ အခြေအနေတွေအရ ပြောသင့်တယ်ထင်လို့ ပြောချင်စိတ်ရှိတာနဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်....

လေးစားမှုဖြင့် . . . . ,
Htet Yee Thitsar